မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိသည့် အရှေ့တောင်အာရှနိုင်ငံများအနက်မှ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဓိကမျိုးနွယ်စုရှစ်စုရှိပြီး ၎င်းတို့မှာ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်နှင့် ရှမ်းတို့ဖြစ်ကြသည်။ မျိုးနွယ်စုအသီးသီး၌ ၎င်းတို့၏ကိုယ်ပိုင် သူမတူထူးခြားသည့်ယဉ်ကျေးမှုများနှင့် ရိုးရာတိုင်းရင်းသားဘာသာစကားများရှိကြသည်။ မြန်မာနိုင်ငံသည် ခမ်းနားကြီးကျယ်သည့် စေတီပုထိုးများ၊ နိုင်ငံသားများ၏သဘောထားကြီးမှု၊ ဘာသာတရားကိုင်းရှိုင်းမှုနှင့် ဧည့်ဝတ်ကျေပွန်မှုများကြောင့် လူသိများကျော်ကြားသည်။ခရီးသွားများစိတ်ဝင်စားသည့်အတွက် ကြီးကျယ်ခမ်းနားသော သမိုင်းဝင်နေရာများ ၊ရင်သပ်ရှုမောဖွယ်ရာတောင်တန်းရှုခင်းများ၊ ရှေးဟောင်းတိုင်းရင်းသားရိုးရာဓလေ့များနှင့်ပွဲတော်အခမ်းအနားများစွာရှိသည်။
ချင်းပြည် သို့မဟုတ် ရိုးရာဘဝနေထိုင်မှုများကိုမြင်တွေ့နိုင်မည့် အံ့အားသင့်ဖွယ်ပြည်နယ်
ချင်းလူမျိုးများသည် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများစွာပိုင်ဆိုင်သည့် တိုင်းရင်းသားလူမျိုးစုတစ်စု ဖြစ်သည်။ ချင်းလူမျိုးတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။ မြောက်ပိုင်း ချင်းများသည် ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြပြီး အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းများသည် ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြသည်။ သူတို့သည် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းနှင့်ထိစပ်နေသည့် မြန်မာနိုင်ငံအနောက်ပိုင်း၌ နေထိုင်ကြသည်။ ချင်းပြည်နယ်သည် ချင်းလူမျိုးများ၏ ယဉ်ကျေးပျူငှာမှုများ၊ လက်မှုပညာရပ်များ၊ ထင်ရှားသော တောင်တန်းရှုခင်းများနှင့် စိတ်ဝင်စားဖွယ်လူနေမှုဘဝပုံစံများကြောင့် ကျော်ကြားသည်။ ချင်းပြည်နယ်တွင် မြို့ ၁၄ မြို့ရှိပြီး ၎င်းတို့မှာ ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ တီးတိန်၊ ထန်တလန်၊ ရေဇဝါ၊ ဆမီး၊ လိုင်လင်းပီ၊ ရိဒ်ခေါဒါရ်၊ ကျီခါးနှင့် တွန်းဇံစသည့်မြို့များ ဖြစ်ကြသည်။
ဟားခါးမြို့သည် ချင်းပြည်နယ်၏မြို့တော်ဖြစ်သည်။ ၂၀၁၄ခုနှစ် အချက်အလက်များအရ ချင်းပြည်နယ်၏လူဦးရေမှာ ၄၇၈,၈၀၁ ခန့်ရှိသည်။ အဓိကကိုးကွယ်သည့်ဘာသာမှာ ခရစ်ယာန်ဘာသာဖြစ်သည်။ အချို့မှာ ရိုမန်ကတ်သလစ်ဘာသာဝင်များဖြစ်ကြသော်လည်း အများစုမှာနှစ်ခြင်းခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ချင်းပြည်နယ်တစ်ခုလုံးတွင် ခရစ်ယာန်ဘုရားကျောင်း ၁၀၀၀ခန့်ရှိသည်။ ခရစ်ယာန်ဘာသာဝင်များမဟုတ်ကြသော ချင်းဗမာများသည် နတ်ကိုးကွယ်ယုံကြည်ကြသူများဖြစ်ကြသည်။ ချင်းဘာသာစကား၏ဒေသိယစကား ၄၀-၄၅ မျိုးခန့်ရှိသော်လည်း နေထိုင်သူ၈၀ရာခိုင်နှုန်းခန့်သည် ဗမာစကားကိုသာပြောဆိုကြသည်။
ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများနှင့်လူနေမှုဘဝများ
ချင်းလူမျိုးများ၏အဓိကအထင်ရှားဆုံးအကြောင်းအရာသည် ချင်းလူမျိုးများ၏မျက်နှာပေါ်မှ တက်တူးများဖြစ်သည်။ ချင်းမျိုးနွယ်စုများသည်ဝါးသုံးချောင်းကိုတွဲလျက်သော်လည်းကောင်း၊ အရိုးများကိုသုံး၍သော်လည်းကောင်း တက်တူးများ ထိုးလေ့ရှိကြသည်။ နွားသည်းခြေရည်၊ ကျပ်ခိုး၊ အပင်များနှင့်ဝက်ဆီများကို ရောစပ်ပြီး တက်တူးမင်များပြုလုပ်ကြသည်။ ပါးရဲထိုးသူသည် ပါးရဲထိုးဆရာ သို့မဟုတ် အချို့တွင် မိဘများကိုယ်တိုင်ထိုးပေးကြသည်။ သို့သော် ပါးရဲများကို အမျိုးသမီးများကိုသာ ထိုးပေးကြသည်။ အမျိုးသမီးများအပျိုဖော်ဝင်သည့် အသက် ၁၂နှင့် ၁၄နှစ်ကြားတွင် မျက်နှာအသားအရေသည် ပါးရဲထိုးရန်အတွက် အကောင်းဆုံးဖြစ်သည်။ ပါးရဲများထိုးရခြင်းအကြောင်းအရင်းနောက်ခံသမိုင်း နှစ်မျိုးရှိသည်။ အချို့သည် ဗမာဘုရင်များ၏ကိုယ်လုပ်တော်အဖြစ် တော်ကောက်ခံရခြင်းကို ရှောင်ရှားရန်ထိုးကြသည်ဟုဆိုကြပြီး ရန်သူများ၏ဖမ်းဆီးခြင်းခံရသည့်အခါ ချင်းလူမျိုးဖြစ်ကြောင်း သိသာစေရန် ထိုးကြသည်ဟုလည်း အချို့ကဆိုကြသည်။ ကန်ပက်လက်ဒေသတွင် နေထိုင်ကြသည့်မွင်းချင်းလူမျိုးများသည် ၎င်းတို့၏ပါးပေါ်တွင် အင်္ဂလိပ်အက္ခရာ “ B” ပုံနှင့် နဖူးတွင် အင်္ဂလိပ်အက္ခရာ “ Y” ပုံစံထိုးထားကြသည် ။အချို့သူများ၏လည်ပင်းတွင် စက်ဝိုင်းပုံစံများလည်းရှိသည်။ လောက်တူချင်းမျိုးနွယ်စုများ၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော ပင့်ကူအိမ်သဏ္ဌာန်ကို ထိုးထားကြသည်။ ဒိုင်ယင်ဒူးချင်းတို့သည်လည်း သူတို့၏ဒေါင်လိုက်ဖြောင့်တန်းသည့်ပုံစံတက်တူးများကြောင့် လူသိများကြသည်။ ချင်းမျိုးနွယ်စုများတွင် မျိုးနွယ်စုအနည်းဆုံးဖြစ်သည့် ဥုပူးချင်းများသည် သူတို့၏မျက်နှာပြင်တစ်ခုလုံးမည်းနက်စေရန် မမင်ဆေးခြယ်ထားကြသည်။ ပုံမှန်အားဖြင့် ပုံမှန်ပါးရဲထိုးခြင်းသည် တစ်ရက်အချိန်ယူရပြီး မျက်နှာပြင်တစ်ခုလုံးပြီးစီးရန်အတွက် နှစ်ရက်သို့မဟုတ် သုံးရက်အချိန်ကြာတတ်သည်။ လည်ပင်းနှင့် မျက်ခွံတို့သည် နာကျင်မှုအများဆုံးခံစားရသော အစိတ်အပိုင်းများဖြစ်ကြသည်။
ချင်းပြည်နယ်ရှိအိမ်အများစု၏ အိမ်ရှေ့တံခါးဘေးတွင် တိုင်ငယ်တစ်ခုရှိပြီး တိုင်ထိပ်တွင်ကြက်ဉတစ်လုံးရှိသည်။ ထိုတိုင်ငယ်သည်မကောင်းစိုးဝါးကိုနှင်ထုတ်နိုင်ပြီး ကံကောင်းခြင်းနှင့်ပျော်ရွှင်ခြင်းကို သယ်ဆောင်ပေးသည်ဟု ယုံကြည်ကြသည်။ အမျိုးသားများအနေနှင့် ဇနီး၏အိမ်တွင် အသားစားခြင်းကိုတားမြစ်ထားပြီး ထိုသို့စားသုံးမိပါက ကံဆိုးတတ်ပြီး မိသားစုဝင်တစ်ဦးဦးကို သတ်ဖြတ်လက်စားချေမည့် သားမွေးဖွားလာတတ်သည်ဟူသည့် အယူရှိကြသည်။ ခင်ပွန်းသည်အိမ်ထောင်ဦးစီးဖြစ်ပြီး သားနှင့်သမီးကိုညီတူမျှတူတန်ဖိုးထားကြသည်။
အမွေဆက်ခံခြင်းသည် သမာရိုးကျအားဖြင့် ဖခင်မှ သားသို့ဆင်းသက်လာသည်။ သို့သော် မိခင်၏ပိုင်ဆိုင်မှုအချို့ကို သူမ၏သမီးများကိုပေးနိုင်သည်။ လက်ထပ်ထိမ်းမြားရာတွင် သူတို့သားဘက်မှ သူတို့သမီးဘက်ကို မင်္ဂလာကြေးတင်သွင်းရသည်။ မင်္ဂလာကြေးသည် သူတို့သမီး၏မိဘဘက်မှ ရရှိသည်။ ထို့နောက် သဘောထားမတိုက်ဆိုင်၍ ကွာရှင်းကြမည်ဆိုပါက အမျိုးသားများသည် ကွာရှင်းရခြင်းမှာ အမျိုးသမီး၏အမှားသာဖြစ်ကြောင်း သက်သေပြနိုင်ရန်ကြိုးစားကြသည်။ အမျိုးသမီးဘက်မှ အမှားကြောင့်ကွာရှင်းရခြင်းဖြစ်သည်ဆိုပါလျှင် အမျိုးသားများအနေနှင့် မင်္ဂလာကြေးကိုပြန်လည်ရရှိမည်ဖြစ်သည်။ အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ ကွာရှင်းပြတ်စဲခြင်းသည် မျိုးနွယ်စုအပေါ်စော်ကားခြင်းဖြစ်သည်ဟုသတ်မှတ်ထားကြသည်။
ချင်းလူမျိုးများကြားတွင် စိတ်ဝင်စားဖွယ်ထင်ရှားသည့် အသက်၉၀ကျော်အရွယ်ရှိပြီဖြစ်သော ဏာန်းချင်းမျိုးဖြစ်သူဒေါ်ယောရှဲန်းသည် နှာခေါင်းဖြင့်ပုလွေမှုတတ်နိုင်သည့် နောက်ဆုံးကျန်ရှိသူတစ်ဦးဖြစ်သည်။ သူမသည် အသက် ၁၅နှစ်ကတည်းကပင် နှာခေါင်းဖြင့်ပုလွေကိုစတင်မှုတ်ခဲ့သည်။ နှာခေါင်းဖြင့်ပုလွေမှုတ်ခြင်းသည် မလွယ်ကူလှပေ။ သာယာနာပျော်ဖွယ် ပုလွေသံရရှိရန်အတွက် သက်လုံကောင်းဖို့ရန်လိုအပ်သည်။
ချင်းအမျိုးသမီးများသည် ဆယ်စုနှစ်များစွာ သူတို့၏ရိုးရာဂျပ်ခုတ်ရက်ကန်းလုပ်ငန်းကြောင့် ထင်ရှားလူသိများကြသည်။ အမျိုးသမီးများသည် ဝါများကိုစိုက်ပျိုးပြီး ဝါဂွမ်းရသည်မှ ဗိုင်းငင်၊ ချည်လုံး၊ ချည်ဆေးဆိုးနှင့်အဆင်အမျိုးမျိုးခတ်သည်အထိ အဆင့်ဆင့်လုပ်ဆောင်ကြသည်။ ချင်းချည်ထည်များကို လက်ရက်ကန်းစင်ဖြင့် ရက်လုပ်ကြသည်။ တဘတ်နှင့်စောင်အဆင်အမျိုးမျိုး ရက်လုပ်ရာတွင် အချိန်အားဖြင့် သုံးလခန့်ကြာမြင့်သည်။ ချင်းရိုးရာဝတ်စုံများသည် အလွန်လှပပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင်လူကြိုက်များကြသည်။ ချင်းအမျိုးသမီးများသည် အလျားလိုက်၊ အစင်း၊ အကွက်၊သို့မဟုတ် ပန်းပွင့်ပုံများဖြင့် ပုံပုံဖော်ထားသည့် ရိုးရာလုံချည်ရှည်များကို ခြေမျက်စိဖုံးအောင်ဝတ်ဆင်ကြသည်။ ထို့အပြင်အမျိုးသမီးများသည် ငွေ၊ ကြေးနန်းခွေများဖြင့် သွန်းလောင်းပြုလုပ်ထားသော ခါးစည်း၊ ခါးပတ်များကို အလှ ဝတ်ဆင်သည်။ ပွဲတော်ရက်များတွင် ဒေသမျိုးနွယ်အလိုက် ပိုးထည်စောင်နှင့်ဆံထိုးများကို အလှအပဝတ်ဆင်သည်။ ရောင်စုံလည်ဆွဲရှည်များ၊ နားကပ်ကြီးများနှင့် လက်ကောက်များစွာကိုလည်း ဂုဏ်ယူစွာဝတ်ဆင်ကြသည်။ ချင်းအမျိုးသမီးများသည်သာမက အမျိုးသားများသည်လည်း နာမည်ပေးကင်ပွန်းတပ်ပွဲပြီးနောက်တွင် နားဖောက်ကြရသည်။
ချင်းအမျိုးသားများသည် ရှပ်အင်္ကျီများနှင့် ဘောင်းဘီများကိုသာဝတ်ဆင်ကြပြီး ပွဲတော်ရက်များတွင် ရောင်စုံစောင်များကိုခြုံကြသည်။ အမျိုးသားများတွင်လည်း ခေါင်းပေါင်းများရှိကြပြီး အဖြူရောင်ခေါင်းပေါင်းပေါ်တွင် အနက်ရောင်အစင်းကြောင်းများပါဝင်ပြီး အနီရောင်ခေါင်း၏ရှေ့တွင် ငှက်မွေးများစုများပါရှိသည်။
အမဲလိုက်ခြင်းသည် ချင်းအမျိုးသားများအတွက် ဂုဏ်ယူတန်ဖိုးထားသည့်အလုပ်ဖြစ်သည်။ အမဲလိုက်ရာမှ ရရှိလာသော တိရိစ္ဆာန်များ၏ဦးခေါင်းခွံများ၊ ချိုများကို သူတို့၏စွမ်းရည်နှင့်သတ္တိကို ပြသရန်ချိတ်ဆွဲထားကြသည်။ စိုက်ပျိုးရေးနှင့်တိရိစ္ဆာန်မွေးမြူရေးများကို အသက်မွေးဝမ်းကြောင်းပြုရာတွင် တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ကြသည်။ ချင်းပြည်နယ်၏ မြေမျက်နှာသွင်ပြင်သည် အများအားဖြင့်တောင်ထူထပ်သောကြောင့် အပင်များရှင်သန်ကြီးထွားကြသည်။ လက်ဖြင့်စိုက်ပျိုးရေးလုပ်ဆောင်ကြသည်။ ကောက်ပဲသီးနှံများ၊ ငရုတ်သီး၊ ဖရဲသီး၊ ရွှေဖရုံသီး၊ ပဲအမျိုးမျိုး၊ ပဲသီး၊ ဂေါ်ဖီထုပ်နှင့်အာလူးကဲ့သို့သောဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးကြသည်။ ဝါဂွမ်းကို စီးပွားဖြစ်ရိုးရာအဝတ်အထည်များတွင် အသုံးပြုရန်စိုက်ပျိုးကြသည်။ ထို့အပြင် ဆေးရွက်ကြီးကိုလည်း ရွာတိုင်းတွင်အဆက်အပြတ်စိုက်ပျိုးကြသည်။ ချင်းအမျိုးသားများသည် ဆေးတံများဖြင့် ဆေးသောက်ကြပြီး အမျိုးသမီးအားလုံးနီးပါးများသည် အိုးများဖြင့် ဆေးသောက်ကြသည်။ ချင်းလူမျိုးသည် ရေသောက်ရန်နှင့် အရက်သောက်ရန်အတွက် ဆင်စွယ်ပုံစံခွက်များကို အသုံးပြုကြသည်။
ချင်းရိုးရာအစားအစာများ
ဆာဗူးသီး
“ဆာ”သည် အသားဟုအဓိပ္ပါယ်ရပြီး “ဗူးသီး”သည် ပြောင်းဖူးဟင်းရည်ဟု အဓိပ္ပါယ်ရသည်။အ ဓိကပါဝင်ပစ္စည်းများမှာ ပြောင်းဖူး၊ အသား၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ဂေါ်ဖီထုပ်နှင့် ခရမ်းသီးတို့ဖြစ်သည်။ သားသတ်လွတ်ဖြစ်ပါက အသားအစား ပဲနှင့်အာလူးဖြင့် ဤဟင်းရည်ကိုစားသုံးနိုင်သည်။ ဤဆာဗူးသီးသည် ချင်းလူမျိုးတိုင်း ကြိုက်ကြစားကြသည့် ရိုးရာအစားအစာဖြစ်သည်။
ဟားခါးဒိုးနတ်
လူသိအများဆုံးရိုးရာအစားဖြစ်ပြီး ဂျုံမှုန့်၊ ကြက်ဥ၊ သကြားတို့ဖြင့်ပြုလုပ်ထားပြီး အလယ်တွင်အခေါင်းပေါက်ရှိကာ ဒိုးနတ်နှင့်ဆင်တူသည်။ ဟားခါးနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းအနီးတွင် ဤလတ်ဆတ်သော ဒိုးနပ်များကို နေ့စဉ်ရနိုင်သည် ။
ရိုးရာဝိုင်(ခေါင်ရည်)
ခေါင်ရည်သည် ချင်းပြည်၏လူကြိုက်အများဆုံးဒေသထွက်ကုန်များထဲမှ တစ်ခုဖြစ်သည်။ စပျစ်၊ မက်မွန်နှင့် ချင်းပြည်နယ်၏အလှတစ်ခုဖြစ်သော တောင်ဇလပ်ပန်းဖြင့် ပြုလုပ်ထားသည့်ခေါင်ရည်ဆိုပြီး အရသာသုံးမျိုးရှိသည်။ အသီးအနှံများကို သန့်စင်စွာအချဉ်ဖောက်ထားသဖြင့် ကျန်းမာရေးအတွက် သင့်လျော်ပြီး ချင်းပြည်နယ်အပြန်လက်ဆောင်အဖြစ်ဝယ်ယူရန်လည်း သင့်လျော်ပါသည်။
စကောဝိုင်းထမင်း
ဤရိုးရာစကောထမင်းသည် ထမင်း၊ ဟင်းသီးဟင်းရွက်၊ ငရုတ်သီးထောင်းနှင့် ကြက်ပြုတ်၊ ကြက်သုပ် သို့မဟုတ် အခြားအသားများကဲ့သို့ ဟင်းလျာအချို့ကို အစီအစဥ်ပြုလုပ်ထားသည့် ဗန်းဝိုင်းတစ်ခုဖြစ်ပြီး ခရီးသွားများ အလွန်ကြိုက်နှစ်သက်ကြသည်။ လူအများအတူဝိုင်းထိုင်ပြီးလက်စုံစားနိုင်ကြသောကြောင့် ဒေသခံချင်းမျိုးနွယ်စုများ၏ စည်းလုံးမှု၊ နွေးထွေးမှုနှင့် ချစ်ခင်မှုကို ပြသသည့်နည်းလမ်းဖြစ်သည်။
လည်ပတ်ရန်နေရာများ
ချင်းပြည်နယ်သည်ခြေလျင်တောင်တက်ခြင်းနှင့် တောင်တက်ခြင်းတို့အတွက် အမှန်တကယ်ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်။ ကြီးမားသည့်တောင်တန်းကြီးများ၏ သဘာဝအလှတရားများနှင့် သဘာဝရှုခင်းများသည် ခရီးသွားများကိုအံ့သြသင့်ဖွယ်ဖြစ်စေပါသည်။
နတ်မတောင် သို့မဟုတ် ခေါ်နူးစုမ်
နတ်မတောင်သည် မြန်မာနိုင်ငံတွင် တတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ချင်းပြည်နယ်တွင် အမြင့်ဆုံးတောင်ဖြစ်သည်။အမြင့် ၁၀၀၁၆ ပေ ရှိပြီး ကန်ပက်လက်ဒေသတွင် တည်ရှိသည်။ နတ်မတောင်သည် အောက်တိုဘာလနှင့် ဖေဖော်ဝါရီလကြားတွင် အနီရောင်၊ အဝါရောင်နှင့် အဖြူရောင်ပန်းများ ပေါင်းစပ်ပွင့်သော တောင်ဇလပ်ပန်းပင်ကြီးများ၏ အလယ်တွင်တည်ရှိသည်။ မိုးရာသီ (မေလလယ်မှ အောက်တိုဘာလလယ်) အတွင်း သွားရောက်လည်ပတ်လို့မရပေ။
ရိဒ်ရေကန်
မြန်မာ-အိန္ဒိယနယ်စပ်အနီး နှစ်ဖက်စလုံးတွင်နေထိုင်သော မီဇိုချင်းလူမျိုးများအတွက် ရိဒ်ရေကန်သည် ထူးခြားသည့် အသည်းပုံနတ်ရေကန်ဖြစ်သည်။ ရေကန်သည်တည်ငြိမ်အေးချမ်းမှုအပြည့်ရှိပြီး ကြီးမားသောတောတောင်ကုန်းများဖြင့် ဝန်းရံထားသည်။ မီဇိုချင်းလူမျိုးများသည် ရိဒ်ရေကန်ကို ကောင်းကင်၏တံခါးပေါက်အဖြစ်မှတ်ယူပြီး အလွန်တန်ဖိုးထားကြသည်။ စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လူများသည် ရေကူးကြ၊ စားသောက်ကြပြီး လာရောက်အပန်းဖြေကြသည်။ ကြားရက်များတွင် လူပိုနည်းပြီးပို၍အေးချမ်းသည်။
မတူပီဘုံတလာရေတံခွန်
ဤဘုံတလာရေတံခွန်သည် ချင်းပြည်နယ် မတူပီဒေသအနီးတွင် တည်ရှိသော အရှည်ဆုံးရေတံခွန်ဖြစ် စ်ပြီး အမြင့်ပေ ၁၅၀၀ ကျော်ရှိသည်။ ရေတံခွန်သည် အဆင့်ကိုးဆင့်ရှိပြီး အမြင့်ပေ ၁၅၀ဝ ရှိသည်။ အဆင့်ကိုးဆင့်ရှိသော်လည်း အဆင့်ငါးထိသာ သွားရောက်နိုင်ပြီး ကျန်အဆင့်များမှာ သွားရောက်ရန် မလွယ်ကူသေးပေ။ ကျောက်ဆောင်ရေတံခွန်ရဲ့ နံရံတွင် ပျားလဘို့များကိုတွေ့နိုင်သည်။
ကနေဒီတောင်
ကနေဒီတောင်သည် ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့် ၈၈၆၈ ပေရှိသည်။ တီးတိန်မြို့နယ်တွင် တည်ရှိသည်။ တောင်ထိပ်အနီးတွင် တိမ်ပင်လယ်ရှိပြီး သဘာဝအတိုင်းခမ်းနားလှပသည့် နေနေရာဖြစ်သည်။ သဘာဝကိုချစ်မြတ်နိုးသူများ သွားရောက်လည်ပတ်သင့်သောနေရာတစ်ခုဖြစ်သည်။
ပွဲတော်များနှင့် အခမ်းအနားများ
ချင်းပြည်နယ်သည် တိုင်းရင်းသားအခမ်းအနားပွဲများ များစွာရှိပြီး အချို့အခမ်းအနားများကို ခမ်းနားကြီးကျယ်စွာကျင်းပကြသည်။
ခွာဒိုပွဲတော်
ခွာဒိုပွဲတော်ကို ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးနောက် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ကျင်းပသည်။ တီးတိန်မြို့နယ်တွင်ကျင်းပသည့် အရေးကြီးဆုံး အခမ်းအနား ဖြစ်ပါတယ်။ ကျင်းပသည့်ရည်ရွယ်ချက်မှာ အောင်မြင်သော ကောက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပရန်၊ သီးနှံအထွက်တိုးရန်၊ ရွာသူရွာသားများ ကျန်းမာချမ်းသာစေရန်နှင့် နိုင်ငံအတွင်း သာယာသောဘဝများ ပိုင်ဆိုင်ကြစေရန်ဖြစ်သည်။
ချင်းအမျိုးသားနေ့
ချင်းအမျိုးသားနေ့ကို ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် သတ်မှတ်ထားပြီး နပန်းပြိုင်ပွဲများ၊ ရိုးရာအကများဖြင့် ကျင်းပကြသည်။ အရေးအကြီးဆုံးပစ္စည်းအဖြစ် ခေါင်ရည်ကို စားပွဲထိပ်တွင်ထားထားကြသည်။ ထို့နောက် ပဲစေ့၊ ပြောင်းဖူးနှင့် အခြားအသားများဖြင့် ချက်ပြုတ်ထားသော ငါးများအပါအဝင် ရိုးရာအစားအစာများ ပါရှိသည်။
ချင်းရိုးရာနပန်း
ချင်းရိုးရာနပန်းပြိုင်ပွဲတွင် ဒိုင်လူကြီးသည် ပြိုင်ပွဲကိုဖွင့်ရန်နှင့် အခမ်းအနားမှ မကောင်းမှုများကို ဖယ်ရှားရန်အတွက် သေနတ်ဖြင့် ပစ်ခတ်ရသည်။ ပြိုင်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု ယုံကြည်ချက်ရှိသောကြောင့် အမျိုးသမီးနှင့် ခွေးများကို ကွင်းအတွင်းဝင်ရောက်ခွင့်မပြုပေ။ တစ်ခါတစ်ရံတွင် ဒိုင်လူကြီးသည် ပြိုင်ပွဲတစ်ဝိုက်တွင် ဖျားနာသူ သို့မဟုတ် ရောဂါတစ်ခုခုရှိသူရှိသည့်အခါ သေနတ်ဖြင့်ပစ်ဖွင့်မည့်အစား ကြက်ဥများကို ဖောက်ကာ ကွင်းကိုဖွင့်သည်။ ထူးခြားသောစွမ်းရည်များဖြင့် ပြိုင်ဘက် ၁၀ယောက်က်ကျော်ကို ကျော်ဖြတ်နိုင်သောအခါ အနိုင်ရရှိသူ ထွက်ပေါ်လာသည်။ နပန်းကြိုးဝိုင်းရဲ့ ချန်ပီယံကို နေရာတိုင်းမှာ ဂုဏ်ပြုကြပြီး ချင်းလူမျိုးများသည် ဤဂုဏ်ကို တသက်လုံး တန်ဖိုးထားကြသည်။
ဤကဲ့သို့စိတ်ဝင်စားဖွယ်ကောင်းသောပြည်နယ်သို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်သည် နိုဝင်ဘာလမှ မတ်လအတွင်းဖြစ်သည်။ အပြင်ဘက်ခရီးစဉ်များအတွက် မတ်လနှောင်းပိုင်းမှ မေလလယ်အထိ ခရီးသွားသင့်ပြီး နွေရာသီခရီးစဉ်များအတွက်မှု ဧပြီလအစောပိုင်းမှ မေလနှောင်းပိုင်းအထိ သွားရန်သင့်တော်ပါသည်။ မေလကနေ အောက်တိုဘာလအထိသည် လမ်းတွေမှာ ရွှံ့တွေနဲ့ ပြည့်နေပြီး တောင်တွေကို တိမ်တွေနဲ့ ဖုံးကွယ်နိုင်ပါသည်။ စွန့်စားရတဲ့ အတွေ့အကြုံတွေကို ခံစားလိုစိတ်၊ ဒေသခံတိုင်းရင်းသားတွေရဲ့ထူးခြားတဲ့လူနေမှုပုံစံတွေသိချင်သူများနှင့်ခြေလျင်တောင်တက်လမ်းလျှောက်ရတာကို နှစ်သက်တဲ့ ခရီးသွားတိုင်း ဒီအံ့အားသင့်ဖွယ်လှပသည့်ပြည်နယ်ကို လည်ပတ်ရတာ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
တိမ်ပင်လယ်
ရိဒ်ရေကန်
ဆာဗူးသီး
ဟားခါးဒိုးနတ်
ချင်းပြည်နယ်ရှိ တောင်ဇလပ်ပင်
ပင့်ကူပုံစံပါးရဲထိုးထားသော ချင်းအမျိုးသမီး
ပါးရဲထိုးထားသော ချင်းအမျိုးသမီး