ကမ္ဘာ့ကပ်ရောဂါ Covid-19 ၏ ရိုက်ခတ်မှုကြောင့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း မြန်မာနိုင်ငံတွင် လူဉီးရေ ၃၀၀၀ ကျော် အသက်ဆုံးရှုံး ခဲ့ရပါသည်။ ဆက်တိုက်ဆိုသလိုပင် နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် ဒီမိုကရေစီစနစ်မှ စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်သို့ လျှပ်တပြက်ရောက်ရှိသွားခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံ သူ နိုင်ငံသားများအတွက် မယုံကြည်နိုင်စရာ အပြောင်းအလဲပင် ဖြစ်ပါသည်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ မြန်မာစစ်ကောင်စီသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ဖမ်းဆီး ထိန်းသိမ်း၍ နိုင်ငံတော်၏အချုပ်အချာအာဏာကို ရယူခဲ့ပါသည်။ အဆိုပါ ကိစ္စသည် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD နှင့် စစ်တပ်ကျောထောက် နောက်ခံပေးထားသော USDP ပါတီတို့အကြား နှစ်ရှည်တိုက်ပွဲ (သို့) ကြီးမားသော အာဏာအားပြိုင်မှုတခု အဖြစ်လည်းပြောနိုင်ပါသည်။ သို့ရာတွင် ပြည်သူများသည် မိမိတို့ဆန္ဒကို အလေးထားပြီး နိုင်ငံတော်တိုးတက်ရေးကိုသာ ရှေးရှု ခေါင်းဆောင်များကိုသာ အမြဲတစေအလိုရှိကြပါသည်။ ဤအဖြစ်အပျက်ကြီးကြောင့် ကြောက်ရွံ့တုန်လှုပ်မှုနှင့်အတူ စိုးရိမ်ပူပန်နေကြသော မြန်မာပြည်သူများသည် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကိုသာ အမြဲတောင့်တနေကြပါတော့သည်။
စာရေးသူအနေဖြင့် ယခုကာလကြီးအတွင်း မြန်မာပြည်သူများ၏ သွားလာလှုပ်ရှားမှု၊ ရုန်းကန်နေထိုင်မှုဘဝများကို လေ့လာကြည့်ရာ အထက်တန်းပြဆရာမလေး တစ်ဦးနှင့် တွေ့ဆုံပြီး သူမ အလုပ်နှင့် ပတ်သက်၍ အခုလိုမေးမြန်းခဲ့ပါသည်။ ဆရာမသည် ရန်ကုန်မြို့အနီးရှိ နယ်မြို့လေးတွင် ပညာသင်ကြားပေးနေသော အထက်တန်းပြ ဆရာမတစ်ဉီး ဖြစ်ပါသည်။ (မြို့နာမည်ကို ကာယကံရှင်၏ သဘောဆန္ဒကြောင့် ဖော်ပြမပေးခြင်း ဖြစ်သည်။
တွေ့ဆုံမေးမြန်းခြင်း
သူမသည် နယ်မြို့လေးမှ ၅ မိုင်ခန့်ဝေးသော ရွာကျောင်းသို့ သူမ၏ ဆိုင်ကယ်ဖြင့် ရေလမ်း၊ ကုန်းလမ်း အဆင့်ဆင့်ဖြတ်ကျော်ကာ နေ့စဉ် စာသွားသင်ရပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ပြန့်ပွားသည့် အချိန်မှ စ၍ စာသင်ကျောင်းပိတ်ကြရသဖြင့် အလုပ်မဆင်းရတော့ဘဲ မိမိနေအိမ်တွင် နေခဲ့ရသည်မှာ ယခုဆိုလျှင် တစ်နှစ်နီးနီးရှိခဲ့ပြီ ဖြစ်သည်။ ကိုဗစ်ကာလအတွင်းတွင် သူမ၏ သူငယ်ချင်းဆရာ၊ ဆရာမများနှင့်တိုင်ပင်ကာ ပညာသင်ကြားရန် ငွေကြေး အခက်အခဲရှိသော အထက်တန်းကလေးများအတွက် အွန်လိုင်းမှတဆင့် စာသင်ပေးပြီး ကူညီပေးခဲ့ပါသည်။ အဆိုပါပရဟိတလုပ်ငန်း အစပျိုး၍ အဆင်ပြေသည့် အခြေအနေတစ်ခု အရောက်တွင် စစ်အစိုးရ၏ အာဏာသိမ်းမှုနှင့် ကြုံတွေ့ခဲ့ရပါသည်။ ဆက်တိုက်ပင် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများနှင့်အတူ အင်တာနက် ပြတ်တောက်မှုများ ဖြစ်ပေါ်လာသဖြင့် အွန်လိုင်းသင်တန်းမှာ ဆက်လက် ဆောင်ရွက်၍ မရတော့ပါ။ သူမကိုယ်တိုင်သည် Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် အထက်တန်းပြဆရာမအဖြစ်မှ ထုတ်ပယ်ခံခဲ့ ရပါသည်။ လက်ရှိအချိန်တွင် အိမ်အနီးအနားမှကလေးများကိုပညာဒါနအဖြစ်စာသင်ပေးရင်း သူမမိဘလုပ်ငန်းဖြစ်သည့် ခြံထွက်အသီးအရွက်များ ရောင်းချခြင်းတွင် ကူညီဆောင်ရွက်ပေးနေပါသည်။ သို့ရာတွင် သူမတွင် ကိုယ်ပိုင်ဝင်ငွေမရရှိဘဲ ခြံလုပ်ငန်းကသာ သူမအိမ်၏ စားဝတ်နေရေးကို ထောက်ပံ့နေရသဖြင့် မိသားစုစားဝတ်နေရေးအတွက် လောက်ငှရုံသာ ရှိပါသည်။ ဆရာမအနေဖြင့် ယခုကဲ့သို့ ခက်ခဲသော အခြေအနေများကို အမြန်ဆုံးကျော်လွန်ပြီး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် အမြဲဆန္ဒရှိပါသည်။ သို့မှသာ မိသားစု စားဝတ်နေရေးလည်း အဆင်ပြေနိုင်မည်ဖြစ်ပြီး သူမနှစ်သက်သော ကျောင်းဆရာမတစ်ဦးအဖြစ်ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် စာသင်ကျောင်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ကောင်းမွန်သော အကြံဉာဏ်နှင့် ဝေဖန်ထောက်ပြမှုများကို စာရေးသူမှ မေးမြန်းခဲ့ရာ သူမ ကျောင်းရှိ အချို့သော ဆရာ၊ဆရာမများ၏ ခံယူချက်များကို ပြောင်းစေလိုပြီး လတ်တလောအခြေအနေ၏ အမှန်တရားကို သိစေလိုကြောင်း၊ လူတစ်ဉီးနှင့်တစ်ဉီးခံယူချက်မတူသော်လည်း မိမိတို့နိုင်ငံဖွံဖြိုးတိုးတက်ရေးနှင့် ကလေး ငယ်များ အနာဂတ်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်များချမှတ်ကာ လုပ်ဆောင်စေလိုကြောင်း၊ ကျောင်းများတွင် စနစ်တကျလေ့ကျင့်ပေးထားသော လူငယ်ဆရာမများ ပိုမိုလိုအပ်ပါကြောင်း၊ သို့မှသာ ၂၁ ရာစု၏ ခေတ်စနစ်ကို အမီလိုက်နိုင်ပြီး နိုင်ငံတကာနှင့်အညီ ရင်ဘောင်တန်းနိုင်မည့်အားအင်တစ်ရပ်ဖြစ်မည်ဖြစ်ကြောင်း၊ ဆရာများ အနေဖြင့် ပြောင်းလဲလာသော ခေတ်နှင့်အညီ မိမိကိုယ်ကို အရင် ပြည့်ဝအောင် လေ့ကျင့်ပြီး တပည့်များကို အကောင်းဆုံးသော အတွေးအခေါ်များ ထည့်သွင်းသင်ကြား ပေးစေလို ကြောင်း၊ စနစ်သစ်တွင်ပါဝင်သော 5C ဟု ခေါ်သည့် တီထွင်ဖန်တီးနိုင်စွမ်း (Creativity)၊ ဝေဖန်ပိုင်းခြားနိုင်မှု (Critical thinking)၊ ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)၊ ပေါင်းသင်းဆက်ဆံရေး (Communication)၊ နိုင်ငံသားဖြစ်ခြင်း (Citizenship)တို့ကို ဉီးစား ပေးထည့်သွင်းသင်ကြားပေးသင့်ကြောင်း ဤသို့ဖြင့် ကလေးငယ်များအနေဖြင့် မိမိတို့ လူမျိုးစုများနှင့် နိုင်ငံ၏ ရိုးရာဓလေ့များကို ချစ်မြတ်နိုးစိတ် ၊ ကာကွယ်ချင်စိတ်တို့နှင့်အတူ နိုင်ငံအပေါ်တွင် တာဝန်ကျေပွန်သော လူငယ်များ ဖြစ်လာမည်ဟု ထင်မြင်မိပါကြောင်း အကြုံပြုဖြေကြားခဲ့ပါသည်။
သင်ရိုးဟောင်းတွင် အချက်အလက်များကို ဉီးစားပေးသင်ကြားသော်လည်း ယနေ့ခေတ် သင်ရိုးသစ်တွင်မူ လူငယ်များကို ပိုမိုတွေးခေါ်တတ်စေရန် အတွေးအခေါ်ပိုင်းကို လမ်းညွှန်ပြသပေးရမည်ဖြစ်ပါသည်။ ဉပမာအားဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် အဆိုပါကဏ္ဍကို ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည့် နည်းလမ်းများကို စနစ်တကျလေ့လာပြီး လက်တွေ့သင်ကြား ပေးကြရပါမည်။ တစ်ဖက်မှလည်း မိမိတို့နေထိုင်သည့် တိုင်းပြည်နှင့် ပတ်ဝန်းကျင် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေမည့် အတွေးအခေါ်များလည်း သင်ကြားပေးသင့်ပါသည်။ ဤနည်းဖြင့် ဆရာ၊ ဆရာမ များသည် လူငယ်များကို နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပိုမိုထိရောက်စွာ သင်ကြားပေးသင့်သည်ဟု ထင်မြင်မိသည်။ နောက်တစ်ခု အကြုံပြုချင်သည်မှာ ဆရာ/ဆရာမ ရွေးချယ်ခန့်ထားရေးဖြစ်ပါသည်။ သူမသည် ရွေးချယ်ရေးကို ယခုထက် ပိုမို ထိရောက်အောင် ဆောင်ရွက်သင့်ကြောင်းနှင့် အားလုံးကို စနစ်တကျ လေ့ကျင့်ပို့ချပေးရန် လိုအပ်ကြောင်း၊ လေ့ကျင့်သင်ကြားသည့် ကာလကို လုံလောက်စွာ ပေးသင့်ကြောင်း ဖြေဆိုခဲ့ါသည်။
သုံးသပ်တင်ပြချက်
စာရေးသူအနေဖြင့်လည်း ဆရာမ၏ တပည့်များအပေါ်ထားသော စေတနာကို လေးစားချီးကျူးမိရုံသာမက တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်များချကာ ဆောင်ရွက်ခဲ့သည်ကို လွန်စွာဂုဏ်ယူမိပါသည်။ ဆရာမလေးသည် သူမ၏ ခွန်အားဖြင့် တတ်စွမ်းသမျှဆောင်ရွက်နေသော နိုင်ငံ့အတွက် တန်ဖိုးရှိသော ပညာရေးဝန်ထမ်းတစ်ဉီးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်လည်း ယခုထက်ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်ရင်း အမျိုးသမီးငယ်တစ်ဉီးဖြစ်သည့် အထက်တန်းပြဆရာမလေး၏ အတွေ့အကြုံကို ဂုဏ်ယူလေးစားစွာဖြင့် ဖော်ပြလိုက်ပါသည်။
*** Website of Free Online Educational Institution Myanmar - https://foeim.org/edu/